စစ်အာဏာသိမ်းထားတဲ့မြန်မာမှာ အထွေထွေအကျပ်အတည်းတွေ ပိုကြီးမားလာတာကြောင့် အမျိုးသမီးအခွင့် အရေးချိုးဖောက်ခံရမှုတွေကို အကာအကွယ်ပေးမှု တဖြည်းဖြည်းအားနည်းလာတယ်လို့ အမျိုး သမီးအရေး လှုပ်ရှားသူတွေနဲ့ ကာယကံရှင်တွေက ဘီဘီစီကို ဖွင့်ဟပြောကြားပါတယ်။
စစ်ကောင်စီနဲ့ တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေ ထိန်းချုပ်တဲ့နယ်မြေ နှစ်မျိုးစလုံးမှာ ပဋိပက္ခတွေ ကျယ်ပြန့်လာတာနဲ့အမျှ ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကလည်း ဆက်ရှိနေပါတယ်။
ဒါ့အပြင် မြန်မာ့ပြည်တွင်းစစ်မှာ ဘက်အသီးသီးကနေ လက်နက်ကိုင်ဝင်တိုက်ဖို့ အမျိုးသားဦးရေအင်အားလိုအပ်ချက်ကြီးလာတာကလည်း အမျိုးသမီးထုအပေါ် မိသားစုဝန်ထုပ်ဝန်ပိုးတွေ ပိုပိတဲ့အခြေအနေဆီကို တွန်းပို့နေပါတယ်။
တစ်ချိန်တည်းမှာပဲ အမျိုးသမီး အရေးလှုပ်ရှားသူတွေကိုယ်တိုင် လုံခြုံရေးနဲ့ ခြိမ်းခြောက်ခံရမှုတွေကြောင့် မြေပြင် ကွင်းဆင်းနိုင်တာမျိုး မရှိသလောက် ဖြစ်သွားသလို ဖွင့်ဟတိုင်ကြားသူတွေကိုလည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေရှိလာတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။
အသံမဲ့နေသူတွေ
စစ်အာဏာသိမ်းမှုအောက်မှာ ဘဝကို ခက်ခက်ခဲခဲ ရင်ဆိုင်နေရတဲ့အထဲမှာ နိုင်ငံတဝန်း စစ်ရှောင်အမျိုးသမီးများစွာ ရှိနေပါတယ်။ ငွေကြေးမတတ်နိုင်လို့ စစ်ဖြစ်တဲ့နေရာမှာပဲ ကြိတ်မှိတ်နေရသူတွေရှိသလို အနေအထား ပျက်သွားတဲ့ မူလစီးပွားရေးကို စစ်ရှောင်ရင်း နေရာသစ်မှာ ပြန်လည်ရင်းနှီးလုပ်ကိုင်ရသူတချို့လည်း ရှိပါတယ်။
ဒီထဲမှာ စစ်ရေးပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က စစ်ရှောင်လာတဲ့ စီးပွားပျက်သွားရတဲ့ ကလေးမိခင်တစ်ဦး ပါ၀င်ပါ တယ်။
“ ဗန်းမော်မှာ အလှပြင်ဆိုင်ဖွင့်ခဲ့တာ။ ဒီရောက်တော့ အလှပြင်တတ်တာ လူသိအောင် ကြော်ငြာ တဲ့သဘောတော့ ပြောထားရတယ်။ အခုထိကတော့ အခြေမကျသေးဘူး” လို့ သူက ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ စစ်ကောင်စီက အကောင်အထည်ဖော်ခဲ့တဲ့ စစ်မှုမထမ်းမနေရအမိန့်ကြောင့်လည်း အမျိုးသမီးတွေ ရှေ့ထွက် အလုပ်လုပ်ရတာတွေ ရှိလာခဲ့ပါတယ်။ တိုင်းရင်းသားဒေသတွေမှာဆို စစ်ကောင်စီကရော အဲဒီဒေသတွေမှာ နယ်မြေစိုးမိုးလှုပ်ရှားတဲ့ အဖွဲ့အစည်းပေါင်းစုံကပါ အမျိုးသားတွေကို စစ်မှုထမ်းစုဆောင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာပါတယ်။
“ ဘွဲ့ရတစ်ယောက်အနေနဲ့ တစ်လဝင်ငွေ သုံးသိန်းရဖို့ စက်ရုံအလုပ်လည်း မလုပ်နိုင်ဘူး။ အိမ်မှာ မိအိုဖအိုနဲ့ ကလေးအငယ်နဲ့ဆိုတော့။ သူများအိမ်မှာ သန့်ရှင်းရေးအဝတ်လျှော် လူလိုရင် ခေါ် ပါလို့ ဖုန်းနံပါတ်နဲ့ ဖေ့စ်ဘွတ်ဂရုတွေထဲ လိုက်တင်ရတာ။ ဒါတောင်တစ်လမှ လေးငါးအိမ်ပဲ။ ပြီးတော့ အွန်လိုင်းကဆိုတော့ တချို့ကလည်း မယုံလို့ မခေါ်ကြတာတွေ ရှိတယ်” လို့ ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
သူကတော့ ခင်ပွန်းက နိုင်ငံရေးပုဒ်မ ၅၀၅ နဲ့ အင်းစိန်ထောင်မှာ ထောင်ကျနေပြီး အရင်က မောင်ဖြစ်သူရဲ့ လုပ်စာနဲ့ မိသားစု စားဝတ်နေရေးဖြေရှင်းနိုင်ခဲ့ပါတယ်။ ခုတော့ မောင်ဖြစ်သူလည်း စစ်မှုထမ်းကိုစိုးရိမ်လို့ နေအိမ်ကနေ ထွက်ခွာသွားပြီဖြစ်လို့ မိသားစု တာဝန်က သူ့ပခုံးပေါ်ရောက်လာခဲ့ပါတယ်။
ဒ့ါအပြင် အိမ်ထောင်ဦးစီးယောကျ်ားသားမရှိတဲ့ ဘဝမှာ ပတ်ဝန်းကျင်က ထိကပါးရိကပါး လုပ်တာတွေကို မတိုင်ရဲဘူးလို့ ဆိုပါတယ်။
“ သွားတိုင်မှ အုပ်ချုပ်ရေးမှူးက သတိရပြီးကိုယ့်မောင်လေးကို ရန်ရှာမှာလည်း ကြောက်တယ်။ ခု ယောကျ်ားက ထောင် ၃ နှစ်ကျတာ လျှော့ရက်နဲ့ဆို ဒီနှစ်ကုန်လောက် လွတ်လာမှာ။ အရင်က သူလွတ်မယ့်ရက် မျှော်တယ်။ ခု သူ့အသက်က ၃၂ ဆိုတော့ ထောင်ကထွက် လာရင် စစ်ထဲခေါ်ခံရမှာစိုးတယ်။ ထောင်ပဲ ဆက်ကျနေပါလို့ ဆုတောင်းရမလိုပဲ” လို့ သူက ဆိုပါတယ်။
အခုနောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အေ နယ်မြေစိုးမိုးထားတဲ့ ဗန်းမော်ခရိုင်ထဲမှာရှိတဲ့ မြေရှားတူးဖော်တဲ့ နေရာတွေ မှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတာတွေကိုလာရောက်ရင်ဖွင့်တိုင်တန်းတာတွေရှိလာတယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
“ မြေရှားလုပ်ကွက်တွေမှာရှိတဲ့ စားသောက်ဆိုင်တို့ စျေးဆိုင်တို့မှာ စားပွဲထိုးတို့ အကူတို့ သွားလုပ်ကြရတယ်။ အဲဒီမှာ အမျိုး သမီးတွေကို သားမယားအဖြစ် လက်မခံရင် အလုပ်အကိုင် မပေးတာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်း ဖက်တာ။ စော်ကားတာတွေ ကြုံရတယ်။ သူတို့ကို ပြန်ချေပတဲ့ အမျိုးသမီးတွေကို ဆိုရင်တော့ အလုပ်ထုတ်လိုက်တယ်။ လုပ်အားခတွေကို မပေးဘဲ ပြန်လွှတ်လိုက်တာတွေရှိတယ်” လို့ တိုင်တန်းမှုတွေကို ပြန်ပြောပြပါတယ်။
ဒီလို KIA ထိန်းချုပ်နယ်မြေထဲက ဒီလို ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ သိရှိအရေးယူမှုရှိသလားဆိုတာကို KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူထံ ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

